ဆီးရီးယား အပစ်ရပ်ကာလ အတွင်း ထောက်ပံ့ပေးရေး

aid_640x360_ ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပို မြို့ခံတွေ ထောက်ပံ့ကူညီမှု စောင့်နေ

စက်တင်ဘာလ ၁၂ ရက်နေ့ က စတင် သက်ဝင် ခဲ့တဲ့ ဆီးရီးယား နိုင်ငံ တွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အရ အကြမ်းဖက် တိုက်ခိုက် နေတာ တွေ ဟာ ၂၄ နာရီ အတွင်းမှာ သိသိသာသာ ကျဆင်း သွားပေမယ့် စစ်ဒဏ်သင့် ဆီးရီးယား ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့ စားနပ် ရိက္ခာ နဲ့ ဆေးဝါး ပို့ပေး လို့ မရသေးတဲ့ အကြောင်း ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖန် ဒါမစ္စတူးရာ က ဂျီနီဗာ မြို့ မှာ ပြုလုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

အပစ်အခတ် ရပ်စဲတဲ့ သဘောတူညီချက် ဟာ သက်ဝင် ပြီ ဆိုပေမဲ့ တချို့နေရာ တွေ မှာ ကြိုကြား တိုက်ပွဲ တွေ ဖြစ်နေ ပါ သေးတယ်။

လေကြောင်း ပစ်ခတ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တချို့တောင် ထွက်လာပါသေးတယ်။ အတိုက်အခံ လက်နက်ကိုင် အဖွဲ့ကလည်း မော်တာ တွေ နဲ့ ပစ်တဲ့ သတင်း လည်း ကြားရ ပါတယ်။

မနက်ပိုင်း ကျမှ ပစ်ခတ်သံတွေ တိတ်သွား ပေမဲ့ အရေးကြီးတာ က ကုလသမဂ္ဂ ရဲ့ ရိက္ခာ ကားတန်း တွေ ဝင်ခွင့် ရဖို့ အရေး ကြီးပါတယ် လို့ ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖန် ဒါမစ္စတူးရာ က ပြောတာပါ။

အလက်ပို မြို့ခံတွေ ဆိုရင် ဆေးဝါးနဲ့ ရိက္ခာ ပြတ်နေတာ လ နဲ့ ချီနေပါပြီ။ အားကိုးတကြီး နဲ့ စောင့်နေကြတဲ့ လူထု ဟာလည်း သိန်းနဲ့ ချီ ရှိနေတာပါ။ တူရကီ နယ်စပ်ဘက် မှာ ထောက်ပံ့ရေး ပစ္စည်း အပြည့်တင်ထားတဲ့ ထရပ်ကား အစင်း၂၀ ဟာ အသင့်ဖြစ် နေပေမဲ့ ဆီးရီးယား အစိုးရ ရဲ့ တရားဝင် ခွင့်ပြုမိန့် မရသေးလို့ အလက်ပို မြို့ဆီ ထွက်ခွာလို့ မရသေးပါဘူး။

အစ္စလာမ်မစ် ကယ်ဆယ်ရေး ပရဟိတ အဖွဲ့ ကလည်း စစ်ဒဏ်သင့် ပြည်သူတွေ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပို့ပေးဖို့ အသင့်ဖြစ်နေပေမဲ့ အပစ်ရပ်တဲ့ အစီအစဉ် တည်တံ့ပါ့ မလား ဆိုတာ ကို စိုးရိမ်ကြောင်း ပြောပါတယ်။ သူ တို့ ဘက် က ဝမ်းမြောက်စွာ နဲ့ ကူဖို့ အသင့်ဖြစ် နေပေ မဲ့ ပြီးခဲ့ တဲ့ လပိုင်း၊ နှစ်ပိုင်းတွေ အတွင်း မှာ ရေရှည်မခံ တဲ့ အပစ်ရပ် အစီအစဉ် တွေ ကို ဖြတ်သန်းခဲ့ရ လို့ စိုးရိမ် နေတဲ့ အကြောင်း အပစ်ရပ် တာကို သဘော မတူတဲ့ လက်နက်ကိုင် အဖွဲ့တွေ လည်း ရှိနေလို့ အကန့်အသတ် နဲ့ အပစ်ရပ် သလို ဖြစ်နေမှာ စိုးလို့ ပါ လို့ အစ္စလာမ်မစ် ကယ်ဆယ်ရေး ပရဟိတ အဖွဲ့ ကရှင်းပြပါတယ်။