ဂျပန် မီးတောင် နှစ် ၃၀ အတွင်း အကြီးအကျယ် ပေါက်ကွဲဖွယ်ရှိ

ဓာတ်ပုံ မူပိုင် Kyodo News AP
Image caption ဆာကူရာဂျီးမား မီးတောင် အကြီးအကျယ် ပေါက်ကွဲဖို့ ကျောက်ရည်ပူတွေ စုဆောင်းမိနေပြီလို့ ပညာရှင်တွေက ပြော။

ဂျပန် နိုင်ငံမှာ သက်ဝင် လှုပ်ရှားနေဆဲ မီးတောင်တွေထဲက တစ်ခုဟာ လာမယ့် နှစ် ၃၀ အတွင်း အကြီးအကျယ် ပေါက်ကွဲဖွယ် ရှိနေတယ်လို့ မြေအောက် ကျောက်ရည်ပူတွေကို လေ့လာခဲ့တဲ့ သိပ္ပံပညာ ရှင်တွေက ပြောလိုက်ပါတယ်။

ကျူးရှူး ကျွန်းမှာ ရှိတဲ့ ဆာကူရာဂျီးမား မီးတောင် ပေါက်ကွဲမယ့် အန္တရာယ် ကြီးသထက် ကြီးလာနေပြီလို့ ဘရစ္စတိုလ် တက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။

အဲဒီ ဆာကူရာဂျီးမား မီးတောင်ဟာ ဆန်ဒိုင်း နျူကလီးယား စက်ရုံနဲ့ မိုင် ၃၀ အကွာမှာ ရှိနေသလို၊ လူဦးရေ ၆ သိန်း ရှိတဲ့ ကာဂိုရှီးမား မြို့နဲ့လည်း နီးပါတယ်။

ဆာကူရာဂျီးမား မီးတောင် နောက်ဆုံး ပေါက်ကွဲခဲ့တာ ၁၉၁၄ ခုနှစ်က ဖြစ်ပြီး အဲဒီတုန်းက ၅၈ ဦး သေဆုံး ခဲ့ပါတယ်။

အဲဒီ မီးတောင်က ပြာပူတွေ ပုံမှန် မှုတ်ထုတ်လေ့ ရှိပြီး အသေးစား ပေါက်ကွဲမှုတွေ ကတော့ နှစ်စဉ် ဖြစ်ပေါ်လေ့ ရှိပါတယ်။

ဂျပန် နိုင်ငံဟာ ပစ္စဖိတ် သမုဒ္ဒရာထဲက မီးတောင်တွေ စုဝေး တည်ရှိရာ မီးကွင်းလို့ တင်စားခေါ်တဲ့ ဒေသထဲမှာ ပါဝင်နေတာ ဖြစ်ပြီး သူ့မှာ မီးတောင်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ