ဒူတာတေးကို စွပ်စွဲပြောဆိုနေ

Matobato ဓာတ်ပုံ မူပိုင် AP
Image caption လက်ဖြောင့် သေနတ်သမားဟောင်း ဆိုတဲ့ Edgar Matobato

ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးဟာ ဒါဗာအို မြို့တော်ဝန် ဘဝ က တရားရေး ဌာန ဝန်ထမ်း တယောက်ကို အူဇီ စက်သေနတ်နဲ့ ပစ်သတ်ခဲ့ဖူးတယ် ဆိုပြီး စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။

အရင်က ဒူတာတေးရဲ့ လက်ဖြောင့် သေနတ်သမားဟောင်းလို့ ဆိုတဲ့ Edgar Matobato ဆိုသူက ဆီးနိတ် အထက်လွှတ်တော် ကြားနာပွဲတခုမှာ ဒီလို စွပ်စွဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Matobato တို့ပါခဲ့တဲ့ ဒီလက်ဖြောင့် လူသတ်သမားတွေကြောင့် ဒါဗာအိုမှာ လူရာချီ သေဆုံးခဲ့ရပါတယ်။

ကျုပ်တို့ အလုပ်က ဆေးသမား၊ မုဒိန်းသမားတွေနဲ့ လူဆိုးတွေကို ပစ်သတ်ဖို့ပဲလို့ သူက ဆိုပါတယ်။

သတ်ရမယ့် သူတွေရဲ့ နာမည်တောင် မသိဘဲ သူတို့ကို ခေါ်သတ်ခိုင်းတာပါ၊ ဒီထဲမှာ ဒူတာတေးရဲ့ ပြိုင်ဘက်တွေပါ ပစ်မှတ်ထား သတ်ဖြတ် ခံခဲ့ရတယ် လို့လည်း Matobato က ဆိုပါတယ်။

ပြိုင်ဘက် တယောက်ရဲ့ သက်တော်စောင့် ၄ ယောက်လည်း အသတ်ခံရတယ်လို့ ဆိုပါတယ်။

၁၉၉၃ တုန်းက သူတို့နဲ့ လမ်းမှာ ရင်ဆိုင်ပစ်ခတ်ခဲ့ တဲ့ တရားရေး ဌာန ဝန်ထမ်းကို ဒူတာတေးက အသေသတ်ခဲ့တယ်လို့ မာတိုဘာတိုက ပြောပါတယ်။

ဒူတာတေးက ဒီလူကို အူဇီ ကျည်ကတ် ၂ ကတ် သုံးပြီး ပစ်သတ်တာလို့ ဆိုပါတယ်။

လူတွေကို ကလီစာတွေ ဖောက်ထုတ်ပြီး ရေထဲ ချပစ်တာ၊ မိကျောင်းစာ ကျွေးတာ မျိုးလို ရက်ရက်စက်စက်တွေ လုပ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

သူဟာ ဒူတာတေး သမ္မတ ဖြစ်လာချိန်မှာ သူ့အသက် အန္တရာယ်ကို စိုးရိမ်လို့ ပုန်းနေရတယ်လို့ ဆီးနိတ် လွှတ်တော် ကော်မတီ ရှေ့မှာ ထွက်ဆို ခဲ့ပါတယ်။

ဒါဗာအိုမှာ ကက်သလစ် ဘုရားကျောင်းတကျောင်း တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒူတာတေးက မွတ်ဆလင် ဗလီကို ဗုံးခွဲခိုင်းတယ်လို့လည်း သူက ဆိုပါတယ်။

ဒါဗာအိုမှာ ဒီလို ဥပဒေမဲ့ သတ်နေတာတွေကို ဖိလစ်ပိုင် လူ့အခွင့်အရေး ကော်မရှင်က ဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေး
အပြန်အလှန် စွပ်စွဲ

ဒီလူပြောနေတာတွေကို မသိဘူး၊ သူ့ကို လူတစုက အသုံးချ နေတာ ဖြစ်မယ်လို့ ဒူတာတေးရဲ့ ပြိုင်ဘက်ရဲ့သား ကာလိုက ဆိုပါတယ်။

ဒီ အထက် လွှတ်တော် ကြားနာပွဲကို ခေါင်းဆောင်တဲ့ အမျိုးသမီး Leila de Lima ဟာလည်း ဒူတာတေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူပါ။

သူ့ကို မူးယစ် ရာဇာတွေနဲ့ ဆက်တယ်လို့လည်း စွပ်စွဲခံရပါတယ်။

မာတိုဘာတို ကို ခုလို ထွက်ဆိုခွင့် ပြုတာနဲ့ ပတ်သက်ပြီး ဒါဟာ သမ္မတကို ဖယ်ရှားဖို့ ကြံစည်တာလားဆိုပြီး ဒူတာတေး ဘက်တော်သား လွှတ်တော်အမတ်တွေက ပြန်လှန် မေးခွန်းထုတ်ကြပါတယ်။

ဒူတာတေး လက်ထက် ဒါဗာအိုမှာ မှုခင်းတွေ ကျဆင်းခဲ့တာမို့ ဒါကို တနိုင်ငံလုံး အဆင့် ရောက်အောင် လုပ်မယ်ဆိုပြီး သူက ကြိမ်းဝါးနေတာပါ။

သူ့လက်ထက်မှာ မူးယစ်ဆေးသမား ၃ ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတာမို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝေဖန် ခံခဲ့ရပါတယ်။

ဒီလို ဒူတာတေး နောက်ကြောင်း စုံစမ်းမှုတွေ လုပ်တာဟာ ဘယ်မှ ခရီးရောက်မှာ မဟုတ်ပါဘူးလို့ပဲ သမ္မတ ဒူတာတေးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က တုံ့ပြန်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ