ဆီးရီးယား အရပ်သားတွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့မပေးနိုင်လို့ ကုလ အရာရှိတွေ စိတ်ပျက်

syria_darayya_aid
Image caption ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့ခွင့် ကို ဆီးရီးယား အစိုးရ ဘက်က ကတိဖျက် တယ်လို့ ကုလ အရာရှိ စွပ်စွဲ။

ဆီးရီးယား နိုင်ငံထဲ မှာ ပြီးခဲ့တဲ့ တနင်္လာ နေ့က စလို့ အပစ်ရပ် သဘောတူမှု သက်ဝင် နေပေမယ့်လည်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ လိုအပ် နေတဲ့ နေရာတွေကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း တွေ အရောက် ပို့ မပေးနိုင် ဖြစ်နေရတဲ့ အတွက် ဒေါသထွက် စိတ်ပျက် ရတယ် ဆိုပြီး ကုလသမဂ္ဂ တာဝန် ရှိသူတွေ က ပြော နေပါတယ်။

ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့ခွင့် ကို ဆီးရီးယား အစိုးရ ဘက်က ကတိ ပေးထား ပေမယ့်လည်း အခုတော့ ခွင့်မပြု ဖြစ်နေတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ ဆီးရီးယား ဆိုင်ရာ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ က ပြောပါတယ်။

တဘက်မှာလည်း အလက်ပ်ပို မြို့ မှာ ရှိနေတဲ့ သူပုန် အုပ်စု တွေက နိုင်ငံရေး ကစား သလိုမျိုး လုပ်နေ တယ် လို့ လည်း ကုလသမဂ္ဂရဲ့ ကယ်ဆယ် ရေး ဆိုင်ရာ အကြံပေး ယန်း အေဂလန် က ဆိုပါတယ်။

အလက်ပ်ပို မြို့ကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးနိုင်ဖို့ အဓိက လမ်းကြောင်း ကနေ ဆီးရီးယား အစိုးရတပ် တွေ ဆုတ်ခွာ ပေးခဲ့ပြီ လို့ ရုရှား ကတော့ ပြောနေပါတယ်။

အဲဒီ့ အတိုင်းသာ မှန်ရင် ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေး ယာဉ်တန်း ဟာ စက်တင်ဘာ ၁၆ ရက် သောကြောနေ့ ဒီကနေ့ မှာ အလက်ပ်ပို မြို့ သူပုန် ထိန်းချုပ် နယ်မြေ တွေထဲ ဝင်ရောက် နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ကတော့ အလက်ပ်ပို မြို့ဆီ သွားတဲ့ အဓိက လမ်းမ ပေါ်ကနေ ဆီးရီးယား အစိုးရ တပ်တွေ စတင် ရုတ်သိမ်း နေတယ် ဆိုတဲ့ အချက် ကို ပြသနေတဲ့ ဘယ်လို သတင်းမျိုး မှ ရရှိ မထားဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ