အဆုံးအဖြတ် အခြေအနေနဲ့ အီးယူ ကြုံနေပြီလို့ မာ့ကဲလ်ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption ယူကေ မပါတဲ့ ပထမဆုံး အီးယူ ထိပ်သီးဆွေးနွေးပွဲကို ဘရာတီဆလာဗာ မှာ ကျင်းပ။

ဥရောပ သမဂ္ဂအဖွဲ့ အီးယူ ထဲကနေ ယူကေ နိုင်ငံ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်း အီးယူ အနာဂတ်နဲ့ ပတ်သက်ပြီး ယုံကြည်မှုတွေ ပြန်တည်ဆောက်ဖို့ ဆလိုဗက်ကီးယား နိုင်ငံမှာ အီးယူ ခေါင်းဆောင်တွေ ဆွေးနွေးနေကြရာမှာ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က အီးယူ အနေနဲ့ တကယ့် အဆုံးအဖြတ် အခြေအနေနဲ့ ကြုံနေရပြီလို့ ပြောလိုက်ပါတယ်။

စီးပွားရေး၊ ကာကွယ်ရေးမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ လုံခြုံရေး ကိစ္စတွေမှာ တိုးတက် မြှင့်တင် နိုင်တယ် ဆိုတာကို အီးယူ ခေါင်းဆောင်တွေ ပြသဖို့ လိုအပ်နေပြီလို့ အန်ဂျလာ မာ့ကဲလ်က ပြောပါတယ်။

ဒါပေမယ့် အီးယူ နိုင်ငံတွေ အနေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အပေါ် ဘယ်လို ကိုင်တွယ်ပြီး တိုးတက် ကြီးပွားအောင် ဘယ်လို့ ဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စမှာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေကြတာပါ။

ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းကလည်း အီးယူ ခေါင်းဆောင်တွေ အနေနဲ့ ဥရောပ ပေါင်းစည်းရေးအတွက် အရှိန်မြှင့် ဆောင်ရွက်မလား၊ ပြိုကွဲစေတဲ့ လမ်းကို သွားကြမလား ရွေးချယ် ကြရလိမ့်မယ်လို့ ပြောပါတယ်။

ယူကေ မပါတဲ့ ပထမဆုံး အီးယူ ထိပ်သီး ဆွေးနွေးပွဲကို ဆလိုဗက်ကီးယား မြို့တော် ဘရာတီဆလာဗာ မှာ ဒီကနေ့ သောကြာနေ့မှာ စတင် ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ