တောင်ဆူဒန် ကနေ ထွက်ပြေးသူ တစ်သန်း ပြည့်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ဇူလိုင်လ နောက်ပိုင်း ထွက်ပြေးသူ တစ်သိန်း ရှစ်သောင်း ငါးထောင် ကျော် ရှိလာ။

ပြည်တွင်းစစ် ဖြစ်နေတဲ့ တောင်ဆူဒန် နိုင်ငံ ကနေ ပြည်ပကို ထွက်ပြေးတဲ့ ဒုက္ခသည် အရေအတွက်က တစ်သန်း ပြည့်သွားပြီလို့ ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ တောင်ဆူဒန် မြို့တော် ဂျူဘာမှာ ပြန်လည် ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲတွေက ထွက်ပြေးသူ အရေအတွက်ကို ရုတ်တရက် တိုးလာစေခဲ့တာလို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဇူလိုင်လ နောက်ပိုင်းမှာတင် နိုင်ငံ စွန့်ခွာ ထွက်ပြေးသူ တစ်သိန်း ရှစ်သောင်း ငါးထောင်ကျော် ရှိတယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။

တောင်ဆူဒန် နိုင်ငံထဲမှာတင် နေရပ် စွန့်ခွာရသူ အရေအတွက်ကတော့ ၁.၆ သန်း ကျော် ရှိသွားပြီလို့ သိရပါတယ်။

ဒါကြောင့် နိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက အိုးအိမ်စွန့်ခွာ နေကြရသူတွေ ဖြစ်နေပါတယ်။

တောင်ဆူဒန် ပြည်တွင်းစစ်က ၂၀၁၃ ဒီဇင်ဘာမှာ စတင် ခဲ့ပြီး၊ မနှစ်တုန်းက ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ထိုးခဲ့ပေမယ့် တိုက်ပွဲတွေ ရပ်မသွားဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ