နယူးယောက် ပေါက်ကွဲမှု လူ ၂၉ ဦး ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အချိန် အထိ အကြမ်းဖက် မှုနဲ့ ပတ်သက်တဲ့ အထောက် အထား မတွေ့ရ သေး

နယူးယောက်မြို့ လူစည်ကားတဲ့ မန်ဟန်တန် ရပ်ကွက်မှာ ပေါက်ကွဲမှု တခု ဖြစ်လို့ လူ ၂၉ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

အဲဒီပေါက်ကွဲမှုဟာ စနေညပိုင်းက ဖြစ်ပွားပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားပြီးတဲ့ နောက် လူတွေ အရပ် မျက်နှာ အသီးသီးကို ထွက်ပြေး ကြတယ်လို့ မျက်မြင် သက်သေ တယောက် က ပြောပါတယ်။

အဲဒီ ပေါက်ကွဲမှု ဟာ အမှိုက်ပုံးထဲ ကလို့ အတည် မပြု နိုင်တဲ့ သတင်းတွေက သိရပြီး လမ်းမကြီးတွေကို ရဲက ပိတ်လိုက် ပါတယ်။ နယူးယောက်မြို့ တော်ဝန် ဒီဘလာစီယို ကတော့ ဒါဟာ တမင် ဖေါက်ခွဲ တိုက်ခိုက် တာလို့ ဆိုပါတယ်။

အခု အချိန် အထိ အကြမ်းဖက် မှုနဲ့ ပတ်သက်တဲ့ အထောက် အထား မတွေ့ရ သေးဘူး လို့လည်း သူက ပြောပါတယ်။

ချယ်လ်ဆီး အရပ်မှာ နောက်တွေ့တဲ့ ပစ္စည်း တခု ကတော့ ထမင်း ပေါင်းအိုး တခုကို မိုဘိုင်းဖုံး၊ ဝိုင်ယာကြိုးနဲ့ ဆက်ထားတာ တွေ့လို့ အခု ဖယ်ရှား နိုင်လိုက်ပြီလို့ လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ချယ်လ်ဆီးဟာ မန်ဟန်တန် ဒေသမှာ ဖက်ရှင် အကျဆုံး နေရာ ဖြစ်ပြီး အရက် ဆိုင်တွေ စားသောက်ဆိုင် တွေမှာ စနေ တနင်္ဂနွေဆို လူတွေ ပြည့်ကျပ် နေလေ့ ရှိပါတယ်။

ဒီပေါက်ကွဲမှုကြောင့် အဲဒီ ဒေသ တခုလုံး လှုပ်ခါသွား ပါတယ်။ အနီးက နိုက်ကလပ်မှာ ရှိတဲ့ လူတယောက်က အသံ အရမ်းကျယ်ပြီး လူတွေတုန်ခါ သွားသလို ပြူတင်း ပေါက်တွေလည်း လှုပ်ကုန်တယ်လို့ ပြောပါတယ်။

အဲဒီနားက ဒေသခံ တယောက် ကလည်း နယူးယောက် သားတွေက ပြန်အံတုပြီး အခုလို့ ချိန်းခြောက်မှုကို နားထောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားကို နောက်ဆုံး အခြေ အနေတွေ သတင်း ပို့နေတယ်လို့ အိမ်ဖြူတော် အရာရှိ တယောက်က ပြောပါတယ်။

သိပ် အလှမ်း မဝေးတဲ့ နယူး ဂျာစီမှာ ရံပုံငွေ အတွက် အပြေးပြိုင်ပွဲ လုပ်မယ့် ပြေးလမ်း တလျှောက် ပိုက်နဲ့လုပ်တဲ့ ဗုံးပေါက်ပြီး မရှေး မနှောင်း မှာပဲ နယူးယောက် ပေါက်ကွဲမှု ဖြစ်ပွားတာပါ။

သမ္မတအိုဘားမား အပါအဝင် ကမ္ဘာ့ ခေါင်းဆောင် တွေဟာ အင်္ဂါနေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် ကြမှာ ဖြစ်ပါတယ်။