ဒုက္ခသည်တွေကို ပိုမို လက်ခံပေးဖို့ အိုဘားမား တိုက်တွန်း

_obama
Image caption တံတိုင်းခတ် နေလို သူတွေ သာ ကိုယ်တိုင် အကျဉ်း ကျ နေရတဲ့ အဖြစ်မျိုး ကြုံရလိမ့်မယ်။

သမ္မတ အိုဘားမားဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အမေရိကန် သမ္မတ အဖြစ် နောက်ဆုံး ပေးခဲ့တဲ့ မိန့်ခွန်း ထဲမှာ ကမ္ဘာ့ နိုင်ငံတွေကြား ပိုပြီး ကြီးကျယ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင် ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ပူးပေါင်း ဆောင်ရွက် မှု မရှိဘဲ သီးခြား နေထိုင်တဲ့ မူဝါဒ ဟာ ပဋိပက္ခ တွေကို ပိုပြီး တိုးပွား လာစေ နိုင်တယ် လို့ ကမ္ဘာ့ နိုင်ငံ အသီးသီးက ခေါင်းဆောင် တွေကို သမ္မတ အိုဘားမား က သတိပေး ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးအနွယ်၊ ဘာသာတရားနဲ့ လိင်စိတ် သဘာဝ တွေ ပေါ် မူတည်ပြီး လူနည်းစု တွေ အပေါ် မကောင်းဆိုးရွား သဖွယ် ပုံဖော် မှု မျိုးတွေ ရေပန်းစား လာမှုကိုလည်း မစ္စတာ အိုဘားမား က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။

ဘာသာတရား တစ်ခုက တခြား တစ်ခုကို ကွပ်ညှပ် ဖိနှိပ် မယ် ဆိုရင်၊ လိင်တူ ချစ်သူ တွေ ဖြစ်လို့ ဆိုပြီး သူတို့ကို ရိုက်ပုတ် ညှဉ်းပန်း အကျဉ်း ချမယ် ဆိုရင်၊ အမျိုးသမီး တွေ ဖြစ်လို့ စာသင်ကျောင်း တွေ ကို တက်ခွင့် မပေးဘူး ဆိုရင်၊ ဒါမှမဟုတ် ဘယ် လူမျိုး ဖြစ်လို့ ဘယ် မျိုးနွယ်စု က ဖြစ်လို့ ဆိုတဲ့ အချက် အပေါ် မူတည်ပြီး ခွဲခြား ဆက်ဆံ မယ် ဆိုရင် လူ့ အသိုင်းအဝိုင်းတွေ ကြား မခိုင့်တခိုင် ဖြစ်နေရတဲ့ စည်းတွေ ဟာ ကျိုးပျက် သွားဖို့ပဲ ရှိတော့တယ် လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

မတူတဲ့ ယဉ်ကျေးမှု နောက်ခံ ကိုယ်စီ ရှိကြတဲ့ လူ့ အဖွဲ့အစည်းတွေ ကြား အပြန် အလှန် သည်းခံမှု တရား လက်ကိုင် ထားပြီး အစွန်းရောက် အယူအဆ တွေကို ငြင်းပယ် ကြဖို့ သမ္မတ အိုဘားမား က ဆော်ဩ ခဲ့ပါတယ်။

ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး တော့လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ နဲ့ တဆက်တစပ်တည်း ပဲ ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် တွေ ပါဝင် တဲ့ ထိပ်သီး ညီလာခံ တစ်ရပ် ကို သမ္မတ အိုဘားမား က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ခဲ့ပါတယ်။

ဒုက္ခ သည် တွေကလည်း ပိုမို လက်ခံ ကြဖို့ နိုင်ငံတကာ ကို သမ္မတ အိုဘားမား က တိုက်တွန်း ခဲ့ပြီး ဒုက္ခသည် ပြဿနာ ဆိုတာ အလိုလို ပျက်ပြယ် သွား မှာ မဟုတ်တဲ့ အတွက် ကိုယ့်တိုင်း ပြည် ပတ်ချာလည် မှာ တံတိုင်းခတ် နေလို သူတွေ သာ ကိုယ်တိုင် အကျဉ်း ကျ နေရတဲ့ အဖြစ်မျိုး ကြုံရလိမ့်မယ် လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ဒါ့ကြောင့် လူသားချင်း စာနာ နားလည်တဲ့ အကူအညီ တွေ ပိုမို ပေးကြဖို့ နဲ့ ဒုက္ခသည် တွေ ကို နေရာ ချထား နိုင်ရေး အတွက် ဥပဒေ ကြောင်း အရ ဆီလျော်တဲ့ နည်းလမ်း တွေ လည်း ရှာဖွေ ဖန်တီး ကြဖို့ သမ္မတ အိုဘားမား က အကြံပြု ခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည် တွေ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည် ပြီး အမှီအခို ကင်းကင်း နေနိုင် လာဖို့ အတွက် ကောင်းမွန် တဲ့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့် အလမ်း တွေ ပံ့ပိုး ပေးရမယ် လို့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

အမေရိကန် အစိုးရရဲ့ ဒုက္ခသည် ရေးရာ လက်ထောက် ဝန်ကြီး အဲန်း ရစ်ချက် က ဘီဘီစီ နဲ့ အင်တာဗျုး မှာ အမေရိကန် အနေနဲ့ ၁၉၇၅ ခုနှစ်က စလို့ လက်ခံ ခဲ့တဲ့ ဒုက္ခသည် အရေအတွက် ပေါင်းဟာ ၃.၂ သန်း ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် ဟာ အခုနှစ် မှာ ဒုက္ခသည် ဦးရေ ရှစ်သောင်းခွဲကို လက်ခံ နေရာ ချ ထားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ