အီဂျစ် ကမ်းလွန် လှေနစ်မြုပ်မှု၊ ရာချီ သေဆုံးဖွယ်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲ။

ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ စက်လှေတစ်စီး ဗုဒ္ဓဟူးနေ့က အီဂျစ် ကမ်းလွန်မှာ နစ်မြုပ်ရာမှာ လူ ရာနဲ့ချီ သေဆုံးခဲ့ဖွယ် ရှိတယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီ စက်လှေပေါ်မှာ ရွှေ့ပြောင်း ဝင်ရောက်သူ အယောက် ၅၅၀ လိုက်ပါလာပြီး အီဂျစ် ကမ်းခြေနဲ့ ၈ မိုင် အကွာမှာ နစ်မြုပ်ခဲ့တာလို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောပါတယ်။

အခုချိန်အထိ လူ ၁၆၃ ယောက်ကိုသာ ကယ်ဆယ် နိုင်ခဲ့ပြီး အလောင်း ၄၂ လောင်းကိုတော့ ရိုဆက်တာ ဆိပ်ကမ်းမြို့ အနီးကနေ ပြန်တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စက်လှေ အဖွဲ့သား ၄ ယောက်ကို ဖမ်းဆီး ထားတယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။

လူကုန်ကူးမှု၊ လူသေစေမှု သံသယတွေနဲ့ သူတို့ကို ဖမ်းထားတာလို့ ဥပဒေရေး အရာရှိတွေက ပြောကြောင်း သတင်းတွေက ဆိုပါတယ်။

ဥရောပဘက်ကို ကူးဖို့ အီဂျစ် ကမ်းခြေကနေ စတင် ထွက်ခွာတဲ့ ရွှေ့ပြောင်းသူ အရေအတွက် တိုးလာနေတယ်လို့ အီးယူ နယ်စပ် ထိန်းချုပ်ရေး အေဂျင်စီ အကြီးကဲက သတိပေးပြီး မကြာမီမှာ အဲဒီ စက်လှေ နစ်မြုပ်တဲ့ ဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ