လေထုညစ်ညမ်းမှုကြောင့် လူသန်းချီသေဆုံးနေ

air pollution ဓာတ်ပုံ မူပိုင် iStock
Image caption ယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုးကြောင့် လေထု ညစ်ညမ်း

ကမ္ဘာ့ လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်းကျော်ဟာ မသန့်ရှင်းတဲ့ လေတွေကို ရှူနေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန် ခဲ့ပါတယ်။

သူတို့ နေရတဲ့ နေရာ ဒေသတွေမှာ လေထု ညစ်ညမ်းမှုက WHO သတ်မှတ်ထားတဲ့ ပမာဏ ထက် ကျော်လွန် နေတာမို့ အဆုတ်ကင်ဆာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်နိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

ဒီလို လေမသန့်လို့ သေဆုံးသူ ဦးရေရဲ့ ၃ ပုံ ၂ ပုံ က မြန်မာ ပြည် အပါအဝင် အရှေ့တောင် အာရှ ဒေသကြီး၊ မြေထဲပင်လယ် အရှေ့ပိုင်းနဲ့ ပစ္စိဖိတ် သမုဒ္ဒရာ အနောက်ခြမ်း ဒေသတွေကလို့ ဆိုပါတယ်။

ဆင်းရဲတဲ့ တိုင်းပြည်မှာ ဒီလို သေဆုံးမှုတွေက ပိုဆိုးလာတယ် လို့လည်း ဆိုပါတယ်။

Image caption လူထု ကျန်းမာရေး အတွက် အရေးတကြီး ပြဿနာ ဖြစ်

အိမ် ပြင်ပ လေထု ညစ်ညမ်းမှုကြောင့် တနှစ်မှာ လူ ၃ သန်းလောက် သေနေရတာပါ။

အိမ်တွင်းမှာ ထင်းမီးခိုးနဲ့ မီးဖိုတွေကြောင့် ဖြစ်တဲ့ ညစ်ညမ်းမှုကြောင့် သေဆုံးမှုကလည်း ကမ္ဘာ တဝှမ်း သေဆုံးသူ အားလုံးရဲ့ ဆယ် ရာခိုင်နှုန်းကျော်ထိ ရှိနေပါတယ်။

နိုင်ငံအလိုက် စစ်တမ်းတွေ အရ အာရှ အလယ်ပိုင်းက တာကီမင်နစ္စတန်မှာ ပြင်ပ လေထု ညစ်ညမ်းမှုကြောင့် သေဆုံးသူ အများဆုံး ဖြစ်ပါတယ်။

သူ့နားက တာဂျစ်ကစ္စတန်။ ဥဇဘက် ကစ္စတန်၊ အာဖဂန်နစ္စတန် နဲ့ အီဂျစ် နိုင်ငံတွေကလည်း ဒီစာရင်းမှာ ထိပ်ဆုံးက ရှိပါတယ်။

ဒီပြဿနာဟာ လူထု ကျန်းမာရေး အတွက် အရေးတကြီး ပြဿနာ ဖြစ်နေပြီလို့ WHO ပြောခွင့်ရ Maria Neira က ဆိုပါတယ်။

ဒါကို လူတွေ သတိပြုမယ်၊ နိုင်ငံရေး သမားတွေကလည်း ဆင်ခြင်ပြီး အရေးယူ ဖြေရှင်းမယ် ဆိုရင် ဒီလို လူတွေ သေရတာတွေ လျော့ကျ သွားနိုင်ပါတယ် လို့ Maria Neira က ပြောပါတယ်။

ဒီလို လေထု ညစ်ညမ်းမှုကို လေ့လာရာမှာ လေထဲက တိုင်းတာလို့ ရတဲ့ ၂.၅ မိုက်ကရို မီတာ အရွယ် အသေးဆုံး အမှုန်လေးတွေထိ လေ့လာပြီး တိုင်းထွာ ခဲ့တာပါ။

ဒီအမှုန်လေးတွေက သွေးကြော ကနေ လူ့ဦးနှောက်ထဲထိ ရောက်နိုင်တယ် လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် iStock
Image caption စက်ရုံးမီးခိုးတွေကြောင့် လေထုညစ်ညမ်း

ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲသား တိုင်းပြည်တွေထက် အခြေအနေ ကောင်းတယ် ဆိုပေမယ့်လည်း တဘက်မှာတော့ ဥရောပ တိုက်မှာ ဒီဇယ် လောင်စာ သုံးစွဲမှု၊ နောက်ပြီး အမိုးနီယား နဲ့ မီသိန်း ဓာတ်ငွေ့ ထုတ်လွှတ်တဲ့ စိုက်ပျိုးရေး တွေကြောင့် မြောက်အမေရိက နိုင်ငံတွေလောက် လေထု မသန့်ရှင်းဘူးလို့လည်း သိရပါတယ်။

တရုတ် နိုင်ငံကတော့ တော်တော်လေး ချမ်းသာတဲ့ နိုင်ငံတွေထဲမှာ ရှိပါတယ်။ ဒါပေမယ့်လည်း သူ့စက်ရုံတွေက ထွက်တဲ့ လေ အညစ်အနွမ်းတွေ၊ မီးခိုးတွေနဲ့ တရုတ် မြို့ကြီးတွေကို ဖုံးလွှမ်း နေပါတယ်။

ဒါကြောင့်လည်း လေညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ ရောဂါတွေနဲ့ သေသူ စာရင်းမှာ တရုတ်က ဆဋ္ဌမ လိုက်နေပါတယ်။

ဒီလို လေထု ညစ်ညမ်းမှုကို လျှော့ချဖို့ အတွက် သယ်ယူ ပို့ဆောင်ရေးနဲ့ အညစ်အကြေး စွန့်ပစ်မှု စနစ်တွေမှာ ပြန်လည် အစားထိုးနိုင်တဲ့ စွမ်းအင်တွေ သုံးစွဲဖို့ လိုတယ်လို့လည်း WHO က ထောက်ပြပါတယ်။

ကမ္ဘာပေါ်က တိုင်းထွာရေး စခန်း သုံးထောင်ကျော်ကနေ လေ့လာမှု၊ နောက် ဂြိုဟ်တု တိုင်းထွာချက်တွေနဲ့ ပူးပေါင်းပြီး ဒီလို အသေးစိတ် အကျဆုံး လေ့လာမှု တရပ်ကို ပြုလုပ် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ