အလက်ပ်ပိုကို အစိုးရတပ် မြေပြင်စစ် အကြီးအကျယ် ဆင်နွှဲလာ

_aleppo
Image caption သူပုန် ထိန်းချုပ် နယ်မြေ တွေထဲ နေထိုင် နေရတဲ့ အခြေအနေဟာ ငရဲ ကျသလို ဖြစ်နေ။

ဆီးရီးနိုင်ငံ အလက်ပ်ပိုမြို့ကို ရက်အတန်ကြာ လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက် ခဲ့ပြီးတဲ့ နောက်မှာ အခုဆိုရင် ဆီးရီးယား အစိုးရ တပ်တွေဟာ အရှေ့ကို ပိုတိုး လာနိုင်တယ်လို့ အဲဒီ့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

အစိုးရ တပ်တွေဟာ စစ်မျက်နှာတွေ နေရာ အနှံ့ ဖွင့်ပြီး သူပုန် အဖွဲ့တွေကို တိုက်ခိုက် နေတာ ဖြစ်ပါ တယ်။

လေကြောင်း ပစ်ကူတွေလည်း ဆက် ရှိနေပြီး၊ ဒါဟာ ဆီးရီးယား အပစ်ရပ် သဘောတူမှု ကျိုးပေါက် ခဲ့တဲ့နောက် အစိုးရ တပ်ဖွဲ့ တွေက မြေပြင် စစ်ဆင်မှု တွေ အကြီးမားဆုံး ပြုလုပ် လာတာပါ။

အလက်ပ်ပို မြို့ဟောင်းရဲ့ မြောက်ဘက်က အရပ် ကို အစိုးရတပ် တွေ သိမ်းယူ နိုင်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

သူပုန် ထိန်းချုပ် နယ်မြေ တွေထဲ နေထိုင် နေရတဲ့ အခြေအနေဟာ ငရဲ ကျသလို ဖြစ်နေတယ် လို့ မြို့ခံ တွေ က ပြောနေပါတယ်။

ဒီ အချိန်မှာပဲ၊ ဆီးရီးယား နိုင်ငံထဲ စစ်ဘေးဒဏ် သင့်နေရ သူတွေကို လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ နောက်ထပ် ဒေါ်လာ သန်း ၃၆ဝ ဖိုး ပေးသွားမယ်လို့ အမေရိကန်က ကတိပြု ပြောဆို ခဲ့ပါတယ်။

ဆီးရီး နိုင်ငံ ထဲက ဒုက္ခသည် တွေနဲ့ ဒေသတွင်းက တခြား နိုင်ငံတွေဘက် ရောက်ရှိ လာကြတဲ့ ဆီးရီးယား ဒုက္ခသည် တွေကို အစားအစာ၊ သောက်ရေ နဲ့ ကျန်းမာရေး ဆိုင်ရာ စောင့်ရှာက်မှု တွေ ပေးနေကြတဲ့ ကုလသမဂ္ဂ အပါအဝင် တခြား ပရဟိတ အဖွဲ့အစည်းတွေ ရဲ့ လုပ်ငန်း တွေ မှာ ကူညီ အားဖြည့်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိ ထားသူတွေနဲ့ နာမကျန်း ဖြစ်နေသူတွေ အလက်ပ်ပို မြို့ထဲက ထွက်ခွာ သွားနိုင်အောင် အရေးပေါ် ကယ်ဆယ်ရေး လမ်းကြောင်းတွေ ချက်ခြင်း ဖွင့်လှစ် ပေးဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ