အစ္စရေး သမ္မတဟောင်း ရှီမွန်ပဲရက်စ် ၉၃ နှစ်မှာ ကွယ်လွန်

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးူ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်၊ သမ္မတ တစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ အစ္စရေး နျူကလီယာ အစီအစဉ်ရဲ့ ဖခင်လို့လည်း သတ်မှတ်ခံရ။

အစ္စရေး နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် နှစ်ကြိမ်၊ သမ္မတ အဖြစ် တစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ရှီမွန် ပဲရက်စ်ဟာ ၉၃ နှစ် အရွယ်မှာ ကွယ်လွန် သွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်က မစ္စတာ ပဲရက်စ် လေဖြတ်ခဲ့ပြီးနောက် ကျန်းမာရေး အခြေအနေ တိုးတက် လာခဲ့ပေမယ့် အင်္ဂါနေ့မှာတော့ ရုတ်တရက် အခြေအနေ ဆိုးရွား လာခဲ့တာပါ။

သောကြာနေ့မှာ ဂျေရုဆလင်မှာ ပြုလုပ်ဖို့ ရှိတဲ့ သူ့ရဲ့ အသုဘ အခမ်းအနားကို သမ္မတ အိုဘားမား၊ ဗြိတိန်က ချားလ်စ် မင်းသားနဲ့ ပုပ်ရဟန်းမင်း ဖရန်စစ် တို့ အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။

မစ္စတာ ပဲရက်စ်ဟာ ၁၉၄၈ ခုနှစ်က အစ္စရေး နိုင်ငံ စတင် ပေါ်ပေါက်ချိန်ကို သိမီလိုက်တဲ့ အစ္စရေး နိုင်ငံရေး မျိုးဆက်ထဲမှာ ပါဝင်သူ တစ်ယောက် ဖြစ်ပါတယ်။

သူဟာ ၁၉၉၃ ခုနှစ်က အော့စလို ငြိမ်းချမ်းရေး စာချုပ်ကို ပါလက်စတိုင်းတွေနဲ့ လက်မှတ်ထိုးနိုင်အောင် ညှိနှိုင်းခဲ့သူ တစ်ဦးဖြစ်ပြီး အဲဒီအတွက် ၁၉၉၄ ငြိမ်းချမ်းရေး နိုဘယ်ဆုကို အစ္စရေး ဝန်ကြီးချုပ် ရာဘင်၊ ပါလက်စတိုင်း ခေါင်းဆောင် ယာဆာ အာရာဖတ် တို့နဲ့ အတူ ပူးတွဲ ရရှိခဲ့ပါတယ်။

ပါလက်စတိုင်းတွေဟာ အစ္စရေးရဲ့ အနီးဆုံး အိမ်နီးချင်းဖြစ်တယ်၊ နောက်တော့ အနီးဆုံး မိတ်ဆွေလည်း ဖြစ်လာနိုင်တယ် လို့ သူ တစ်ခါက ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ