အိန္ဒိယက ကက်ရှမီးယားမှာ စစ်ဆင်

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်သွေးကြွတွေ သိသိသာသာ အထိနာခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ပြော

အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ ကက်ရှမီးယား ဒေသက ပါကစ္စတန် တို့ အုပ်ချုပ်ရာ နယ်နိမိတ်သတ်မှတ်မျဉ်းတလျောက်မှာ ရှိတဲ့ စစ်သွေးကြွလို့ သံသယ ရှိသူတွေရဲ့ စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ဖက်က ပြောပါတယ်။

ဒါဟာ တိုက်ခိုက်မှုတော်တော်များများ ကျူးလွန်ဖို့ ကြံစည်နေတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေကို ချေမှုန်းဖို့ ရည်ရွယ်တာလို့ ဆိုပါတယ် ။ အကြမ်းဖက်သမားတွေနဲ့ သူတို့ကို အကူအညီပေးဖို့ ကြိုးစားနေသူတွေ အကြီးအကျယ် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့လည်း အိန္ဒိယ စစ်တပ်က ပြောပါတယ်။

အတိအကျ ခိုင်ခိုင်လုံလုံ ရထားတဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး အိန္ဒိယ အုပ်ချုပ်တဲ့ ဂျမှူးနဲ့ ကက်ရှမီးယား အပြင် တခြား အိန္ဒိယပိုင်နက် ထဲက နယ်မြေတွေမှာ ရန်စ အကြမ်းဖက် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်ဖက် နယ်စပ်မျဉ်းမှာ နေရာယူထားတဲ့ တချို့ အကြမ်းဖက် အဖွဲ့တွေကို အိန္ဒိယ စစ်တပ် က တိုက်ခိုက်ခဲ့တာပါ လို့ အိန္ဒိယ စစ်တပ် စစ်ဆင်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Ranbir Singh ရန်ဘီယာ ဆင်း က ပြောခဲ့ပါတယ်။

အခုလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ပါကစ္စတန်ဖက်ကတော့ ငြင်းပါတယ်။

အကြမ်းဖက် သမား တွေရဲ့ အခြေစိုက် စခန်းတွေလို့ အိန္ဒိယဖက်က ပြောနေတဲ့ နေရာတွေဟာ မလိုလားအပ်တာတွေ ဖြစ်လာအောင် အိန္ဒိယက တမင်ဖန်တီးတဲ့ နေရာတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလ အစောပိုင်းတုန်းက အဲဒီ ကက်ရှမီးယား ဒေသက အိန္ဒိယ အုပ်ချုပ်တဲ့ အခြမ်းမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယ စစ်သား ၁၈ ယောက် သေဆုံးသွားခဲ့ပြီးတဲ့နောက် နှစ်ဖက် တင်းမာမှု ပြင်းထန်လာတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါကစ္စတန်ကို အိန္ဒိယဖက်က အပြစ်တင်ခဲ့ပြီး ပါကစ္စတန်ကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။

ခုနောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အိန္ဒိယဖက်က တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ အကျအဆုံး ကိစ္စတွေ ထည့်မပြောခဲ့ပေမယ့် ပါကစ္စတန် အရာရှိတွေ အဆိုအရ ဒီနေ့ ကြာသပတေးနေ့ မနက် အစောပိုင်း စဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အိန္ဒိယဖက်က ထိုးစစ်ဆင်တာ မဟုတ်ဘဲ တဖက်နဲ့ တဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တာသာဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် ခြောက်နာရီ ကြာတယ်လို့ ပြောပါတယ်။

သူတို့ဖက်က စစ်သား နှစ်ယောက် သေဆုံးတယ် ဆိုတာကိုတော့ ပါကစ္စတန်တို့က အတည်ပြု ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ် နာ၀ပ်စ် ရှာရစ်ဖ် ကတော့ ဒါဟာ အိန္ဒိယ စစ်တပ်ရဲ့ အကြောင်းမဲ့ သက်သက် တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ဆိုပြီး သူတို့ရဲ့ ပါကစ္စတန် စစ်တပ်ကလည်း သူတို့ရဲ့ အချုပ်အချာ အာဏာကို ထိပါးမယ့် တိုက်ခိုက်မှု မှန်သမျှကို လက်တုန့်ပြန်နိုင်စွမ်း ရှိပါတယ်လို့ ပြောပါတယ်။

မွတ်ဆလင် အများစု နေထိုင်ရာ အဲဒီ ကတ်ရှမီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ဖက် စလုံးက သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတာ အခုဆိုရင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီး နှစ်ဘက်ကြား တိုက်ခိုက်မှုတွေ ရှိနေခဲ့တာပါ။

ဒီလို တိုက်ခိုက်မှုတွေ ရှိလာတိုင်း နျူးကလီးယား လက်နက်တွေ ပိုင်ဆိုင်ကြတဲ့ နှစ်နိုင်ငံကြား စစ်ပွဲကြီး တရပ် အထိ ဖြစ်လာနိုင်တယ် ဆိုပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ