EUကနေ UK ထွက်ရေး လုပ်ငန်းစဉ်တွေ မတ်လမှာ စမယ်။

Image caption EU ထဲကနေ UK ထွက်ဖို့ အစီအစဉ်က ၂နှစ် ကြာမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ပြော

ဥရောပ သမဂ္ဂထဲကနေ UKနိုင်ငံ နှုတ်ထွက်ဖို့ တရားဝင် လုပ်ငန်းစဉ်တွေကို လာမယ့် မတ်လကုန်မတိုင်ခင် စဆောင်ရွက်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက ပြောပါတယ်။

ကွန်ဆာဗေးတစ်ပါတီ ညီလာခံကို ပါတီ ခေါင်းဆောင်အဖြစ် ပထမဆုံး အကြိမ် မတက်ရောက်ခင်လေးမှာ ဝန်ကြီးချုပ် ထရီစာ မေက အခုလို ထုတ်ဖော်ပြောလိုက်တာပါ။

ဥရောပသမဂ္ဂထဲက UK ထွက်ခွာမယ့် အစီအစဉ်က ၂ နှစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ထရီဇာမေက ဘီဘီစီကို ပြောပါတယ်။

အီးယူကနေ ထွက်ခွာမယ်ဆိုရင် အသုံးပြုရတဲ့ လစ်စဘွန်းပဋိဉာဉ် အပိုဒ် ၅၀ ကို လာမယ့် မတ်လ မကုန်ခင် စတင် ကျင့်သုံးမယ်လို့ မစ္စစ်စ် မေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်လောက်က အီးယူထဲ ဗြိတိန်နိုင်ငံ ဝင်ရောက်ခဲ့တဲ့ ဥပဒေ ပြဌာန်းချက်တွေကို ပြန်ရုတ်သိမ်းရေး အစီအစဉ်တွေကို မကြာခင် ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။

ဥရောပ သမဂ္ဂထဲ UKနိုင်ငံ စဝင်ခဲ့ချိန်တုန်းကတော့ တခြား ဥရောပ နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်စေခဲ့တဲ့ ဥပဒေတွေကို UK က အတည်ပြု ခဲ့တာ ဖြစ်ပြီး အခုတော့ ဒီပြဌာန်းချက်တွေကို ပြန်ရုတ်သိမ်းတဲ့ ဥပဒေ မူကြမ်းကို ရေးဆွဲတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေ မူကြမ်းအရ UK နိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတခု ဖြစ်လာမှာ ဖြစ်သလို ကိုယ့်ဥပဒေ စည်းမျဉ်းတွေကို ကိုယ်တိုင် ရေးဆွဲနိုင်တော့မှာ ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက ပြောပါတယ်။