အင်အားပြင်း ဟာရီကိန်း မက်သယူး၊ ဟေတီကို ဝင်မွှေ

ဓာတ်ပုံ မူပိုင် AP
Image caption လူတွေ နေရပ် စွန့်ခွာကြဖို့ ဟေတီ အစိုးရက အစောပိုင်းက ဆော်သြခဲ့။

ဆယ်နှစ်လောက် အတွင်းမှာ အင်အားအပြင်းဆုံး လို့ ဆိုတဲ့ ဟာရီကိန်း မုန်တိုင်း တစ်ခုဟာ ဟေတီ နိုင်ငံကို လေတိုက်နှုန်း တစ်နာရီ ၁၄၅ မိုင်နှုန်းလောက်နဲ့ ဝင်ရောက် တိုက်ခတ် နေပါတယ်။

ဟေတီ ကမ်းရိုးတန်းက လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အတွက် အတတ်နိုင်ဆုံး အကာအကွယ် ယူကြဖို့ အာဏာပိုင်တွေက အစောပိုင်းက တိုက်တွန်း ထားပါတယ်။

မက်သယူး ဟာရီကိန်းကြောင့် မိုးရေချိန် လက်မ ၄၀ လောက်အထိ ရွာသွန်းနိုင်တဲ့အတွက် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေလည်း နောက်ဆက်တွဲ ဖြစ်နိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက ပြောပါတယ်။

အပျက်အစီး အသေအပျောက် စာရင်းကို အခုချိန်မှာ အတိအကျ မသိနိုင်သေးဘူးလို့ ဟေတီ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီ ဒါရိုက်တာက အေပီ သတင်းဌာနကို ပြောပါတယ်။

မက်သယူး ဟာရီကိန်း မုန်တိုင်းဟာ နောက် ရက်အနည်းငယ်မှာ ဆက်လက်ပြီး ဘဟားမား၊ ကျူးဘားနဲ့ အမေရိကန် ပြည်ထောင်စုက ဖလော်ရီဒါ ပြည်နယ်တွေကို ဝင်ရောက်ဖို့ ရှိနေလို့ ပြင်ဆင်မှုတွေ ကြိုလုပ်ထားကြပါတယ်။

ဖလော်ရီဒါနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေက ကမ်းရိုးတန်း ဒေသတွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာ ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ