ဆီးရီးယား အကူယာဉ်တန်းကိစ္စ၊ လေကြောင်းတိုက်ခိုက်မှုလို့ ကုလ ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ရိုင်းစိုင်းတဲ့ တမင်ရည်ရွယ် တိုက်ခိုက်မှုလို့ ကုလ အတွင်းရေးမှူးချုပ်က ရှုတ်ချခဲ့။

ဆီးရီးယား မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ လက ကူညီ ကယ်ဆယ်ရေး ယာဉ်တန်း တိုက်ခိုက် ခံခဲ့ရမှုအတွက် ဂြိုဟ်တု ဓာတ်ပုံတွေကို ဆန်းစစ်ခဲ့ရာမှာ အဲဒီ ယာဉ်တန်းဟာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ် ဆိုတာ သိရကြောင်း ကုလ သမဂ္ဂက ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီ ကယ်ဆယ်ရေး ယာဉ်တန်းဟာ အကူအညီပေးရေး အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား အာရတ် လခြမ်းနီ အဖွဲ့ SARC ရဲ့ ကုန်လှောင်ရုံမှာ ပစ္စည်းတွေ ချနေစဉ် မီးလောင်ကျွမ်းခဲ့တဲ့ အတွက် အနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တာပါ။ ကုန်လှောင်ရုံနဲ့ အနားက ဆေးခန်းတစ်ခု အပါအဝင် လော်ရီကား ၁၈ စီး ပျက်စီးခဲ့ပါတယ်။

အမေရိကန် ကတော့ ဒါဟာ ရုရှား တိုက်လေယာဉ်တွေက တိုက်ခိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။

ဆီးရီးယား အစိုးရကို ကူညီနေတဲ့ ရုရှားကတော့ ဒါကို ငြင်းဆို ထားပါတယ်။

ဒီလို ကူညီ ကယ်ဆယ်ရေး ယာဉ်တန်း တိုက်ခိုက် ခံရတဲ့ အဖြစ်ဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလ အရာရှိတွေက ပြောပါတယ်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းက စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ဒီဖြစ်ရပ်အပေါ် စုံစမ်း စစ်ဆေး စေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ